DJ ပွတ်သံနဲ့အတူ အားရပါးရ ရယ်နေသော ကလေးအသံ လေးကြားတော့ သောက်လက်စ
ကော်ဖီခွက်ကို အသာအယာ ပြန်ချရင်း
“ ဟယ်လို …… ….“
“ ……. …….. . ……… ………… & မင်းအတွက် ပန်းသီးတစ်လုံးနဲ့ ဓါးတစ်ချောင်း လက်ဆောင် အဖြစ် ပို့လိုက်တယ်။
အဲဒီ လက်ဆောင်ကို တစ်ကြိမ်စီ မင်းကြိုက်သလို စီရင်ပိုင်ခွင့် ရှိတယ်၊
မင်းရဲ့ စီမံမှုကို ကျေနပ်စွာ စောင့်နေမယ် “
စကားသံအဆုံးမှာတော့ သူ့ဖက်ကပဲ ဖုန်းချသွားခဲ့တယ်။
ထိုနေ့၏ နံနက်ခင်းသည်
ကဗျာတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်
ထိုကဗျာသည်
အတ္တကြီးသော ဥပုသ်သည်တစ်ဦးနှင့် တူနေပေလိမ့်မည်။
အခန်း ( - ၁ )
ကျွန်မမှာ အရမ်းခင်ရတဲ့ သူငယ်ချင်း နောက်ထပ်(၂)ယောက်ရှိတယ်။ ပထမနှစ် ကတည်းက ခင်ရတဲ့
အာကာဆိုတဲ့ကောင်လေးနဲ့ ချယ်ရီဆိုတဲ့ မိန်းကလေးရယ်ပါ။ ကျောင်းပြီးတဲ့အထိ တွဲဖြစ်တာဆိုလို့
ဒီ(၂)ယောက်ပဲကျန်ခဲ့တယ်။ အိမ်ချင်းလည်း သိပ်မဝေးတော့ တစ်တွဲတွဲ တွဲနေဖြစ်တာပေါ့။ ကျောင်းပြီးပေမယ့်
အလုပ်ထဲ ၀င်ဖို့ အရည်အချင်းမရှိတဲ့ ကျွန်မက Funcy Shop လေး ဖွင့်ထားတယ်။ ချယ်ရီကိုတော့ သူ့ဒယ်ဒီက
သူ့နာမည်နဲ့ လုပ်ငန်းတစ်ခုမှာ အစုရှယ်ယာ ၀င်ပေးထားတယ်။ Assistant Managar ရာထူးလေးနဲ့လေ။
အာကာကတော့ သူ့အကိုဆေးခန်းနဲ့ သူ့ကိုယ်ပိုင် ဆေးဆိုင်လေးနှစ်ခုကြား အချိန်ကုန်နေတယ်။ ချယ်ရီက
အာကာကို စိတ်ဝင်စား တယ်တဲ့။ ကျွန်မကို ရင်ဖွင့်ခဲ့တယ်။ အာကာ့ကို ထိန်းချုပ်မရအောင် စွဲလမ်းနေတဲ့
ချယ်ရီကိုကြည့်ပြီး ကျွန်မ စာနာမိခဲ့တယ်။ ဒါ့ကြောင့်ပဲ အာကာနဲ့ ချယ်ရီကို ကြားဝင်ပြီး စေ့ပေးခဲ့တယ်။
အာကာကလည်းမိန်းကလေးတန်မဲ့ သူ့ကို စွဲလန်းနေတဲ့ ချယ်ရီကို မငြင်းရက်ပဲ အလိုက်အထိုက်နေခဲ့တယ် ။
အာကာနဲ့ ချယ်ရီ နှစ်ဦးသဘောတူ ချစ်သူတွေ ဖြစ်သွားကြတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်တည်း အပြင်မှာ
ချိန်းတွေ့တာတွေ ဘာတွေမရှိဘူး။ သူငယ်ချင်း(၂)ယောက် မုန့်ထွက် စားတယ်ဆိုတဲ့ စကားလုံး နဲ့တင်
လုံလောက်တယ်။ သူတို့နှစ်ယောက်တည်း သွားတဲ့ နေရာရယ်လို့ မရှိဘူး။ (၃)ယောက် ချိန်းပြီးမှ
အတူတူသွားလေ့ရှိတယ်။
ဒီနေ့က ချယ်ရီ စင်္ကာပူကို သူတို့ကုမ္ပဏီက လွှတ်လို့ တစ်နှစ် အလုပ်သွားလုပ်ရမယ်တဲ့။ ဒါ့ကြောင့် ချယ်ရီ
စင်္ကာပူက ရုံးချုပ်ကို အလုပ်သွားလုပ်ဖို့ ကျွန်မနဲ့ အာကာ လေယာဉ်ကွင်းကို လိုက်ပို့ဖြစ်တယ်။
လေယာဉ်ပေါ်မတက်ခင် သူငယ်ချင်း(၃)ယောက် အမှတ်တရ ဓါတ်ပုံရိုက် လိုက်သေးတယ်။
ပြီးတော့မှ ချယ်ရီက ကျွန်မဘက်လှည့်ပြီး -
“ သီရိ နင့်ဆီ ဒီမနက်ရော ဖုန်းလာသေးလား “
“ အင်း ဆက်တယ် ။ ဒီနေ့တောင် ပန်းသီးတစ်လုံးနဲ့ ဓါးတစ်ချောင်း လက်ဆောင် ရခဲ့တယ်”
“ အဲဒီတော့ နင်က ဘာလုပ်မှာလဲ “
ကျွန်မ ချယ်ရီကို သေချာစိုက်ကြည့်နေခဲ့မိတယ် ပြီးတော့မှ “ ငါကိုယ်တိုင်မသိသေးဘူး ချယ်ရီ “
“ ဘယ်လို “
အဖြေတစ်ခုခုကို သိချင်နေတဲ့ ချယ်ရီကတော့ ကျွန်မရဲ့ စကားကို သိပ်ကျေနပ်ပုံမရ ……
လေယာဉ်ပေါ်မတက်ခင် သူငယ်ချင်း (၃)ယောက် ရောက်တက်ရာရာတွေ ၊ သတိရနေရမယ်ဆို စတဲ့
ခရီးတစ်ခုသွားခါနီး ပြောနေကျ လူ့သဘာဝ လမ်းခွဲစကားတွေ ပြောနေတဲ့ သိပ်မကြာတော့တဲ့အချိန်မှာတော့
ကျွန်မနဲ့ အာကာကို လက်ပြ နှုတ်ဆက်ပြီး ကျောခိုင်းထွက်သွားတယ်။ ချယ်ရီရဲ့ ကျောပြင်သည် တဖြည်းဖြည်း
ဝေးကွာသွားတယ်။ ချယ်ရီပါသွားတဲ့ လေယာဉ်လေးက လည်း ကျွန်မတို့ကို ထားရစ်ခဲ့ပြီး အဝေးဆုံးကို
ပျံသန်းသွားခဲ့ပြီ ။ သမင်ပြန် လှည့်ကြည့်နေမယ့် ချယ်ရီပုံကို ပုံဖော်ရင်း မျက်ရည်လေး စို့နစ် လာခဲ့တယ်။
ထိုမျက်ရည်သည် ဖော်ပြရန်ခက်ခဲသော ရေသောက်မြစ်မှ ကျဆင်းလာခြင်းပင် ဖြစ်သည်။
တစ်ခုခုကို ဆုံးရှုံးပြီးချိန်တွင်
တစ်စုံတစ်ခုကို ပြန်ရဖို့ တောင့်တနေတက်တယ်ဆိုတာ
အမှန်ပဲလား။
အခန်း(၀)
အိမ်အပြန်လမ်းသည် သိပ်ကို ခြောက်ကပ်လွန်းလှသည်။
ကျွန်မတို့ (၃)ယောက် အတူထိုင်နေကြ လမ်းခွဲဆိုတဲ့ ရှမ်းစားသောက်ဆိုင်လေးတွင် ဒီနေ့တော့ အာကာနဲ့ ကျွန်မ
နှစ်ယောက်တည်း ထိုင်ဖြစ် ခဲ့တယ်။ ခုလို (၂)ယောက်တည်း ထိုင်ရတဲ့အခါ တစ်ခုခုလွတ်ဟာနေသလိုလို
(သို့မဟုတ်) စွဲမတ်နေသလိုလို။ တစ်စုံတစ်ရာကို ဖမ်းဆုတ်ခွင့် (သို့) ဆုံးရှုံးခွင့် ။ ကျွန်မ တကယ်ကို
ယောက်ယက်ခတ်နေခဲ့တယ် ။ ကျွန်မသည် သည်လိုနေ့မျိုးကို စောင့်စားခဲ့သူ တစ်ဦးလား ….။ မည်သို့ပင် ဖြစ်စေ
အာကာနဲ့ ကျွန်မ အကြား စကားလုံး တစ်လုံးမျှမရှိခဲ့ ။ သည်လိုနဲ့ပဲ အချိန်အတော်ကြာ ဆိုင်မှာ ထိုင်ပြီးမှ
ဆိုင်ကနေ ထွက်လာခဲ့ကြတယ်။
ဆိုင်အပြင်ဖက် Car park နားရောက်တော့ ကျွန်မရဲ့ လက်တစ်စုံကို ခပ်ရဲရဲလှမ်းဆွဲတာခံလိုက်ရတယ်။
“ အာကာ “
တင်းကြပ်နေအောင် ဖမ်းဆုတ်ထားတဲ့ သူ့ရဲ့ လက်က လွတ်အောင် ရုန်းလို့မရခဲ့ ။ ဒီအချိန်မှာ ကျွန်မ
ဘာလုပ်ရမလဲ။ ကျောင်းကတည်းက ရိုးသားချင်ယောင် ဆောင်ခဲ့တဲ့ ကျွန်မတို့ နှစ်ယောက်အကြား ချယ်ရီဝင်
လာခဲ့တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင်တက်တဲ့ ချယ်ရီက အာကာ့ကို စိတ်ဝင်စားကြောင်း ဖွင့်ဟခဲ့တယ်။
မိန်းကလေးဆိုတာ တစ်ဖက်က ချစ်နေတာကို သိနေရုံလေးနဲ့ ဘယ်ကိုမှ ဆက်လျှောက်ခွင့်မရှိဘူး ဆိုတာ
ဘာ့ကြောင့် မသိရတာလဲ။ နှုတ်က ပြောချင်နေပေမယ့် စိတ်ထဲကနေပဲ မရဲတရဲ ရေရွတ်နေမိတယ်။
“ နင့်ဆီ ဖုန်းဆက်ဆက်နေတဲ့ သူကို နင်သိလား သီရိ”
“ အင်း “
နင့်အသံ ဘယ်လောက်ပဲ ပြောင်းထား ပြောင်းထားပါ ငါနင့်ရဲ့ အသံကို ခွဲခြားသိတာပေါ့
“ မနက်က ပို့လိုက်တဲ့ လက်ဆောင်ကို နင်ဘယ်လို စီမံမလဲ “
“ ငါ့ကို မိုက်မဲတဲ့သူတစ်ယောက်လို့ တစ်ယောက်ယောက်က ထင်သွားမှာ ငါစိုးတယ် ၊ အဓိက ချယ်ရီပဲ“
“ ငါတို့ရဲ့ အချစ်က ငါတို့နဲ့ပဲ သက်ဆိုင်တယ်”
“ နင်နဲ့ ချယ်ရီက ချစ်သူတွေလေ”
ကျွန်မရဲ့လက်ကို မလွှတ်ပဲ သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်တယ် နွေးထွေးတဲ့ သူ့ရင်ခွင်ထဲတွင် ကျွန်မ
ရင်တွေ အဖျတ်ဖျတ်နဲ့ စည်းချက်မညီခဲ့ဘူး ။ ထို့နောက် တိုးရှလွန်းတဲ့ သူ့ဆီက
“ ငါချစ်တာ နင်ပဲ သီရိ “ ဆိုတဲ့ စကားလုံးလေးကို တိုးတိုးလေး ဖြေချချိန်တွင် ကျွန်မဘ၀တွင်
အတောင့်တဆုံး လက်ဆောင်လေးရလိုက်သလို ။ ထိုစကားလုံးကြောင့် တစ်ကိုယ်လုံး ထူပူသွားခဲ့တယ်။
အာကာရယ် ငါ့နေရာမှာ နင်ဝင်ကြည့်လိုက်စမ်းပါ။ ငါ့ရင်တွေ ဘယ်လောက်တောင် ပူလောင်နေလဲဆိုတာ………..
ငါချယ်ရီကို ဘယ်လို ရင်ဆိုင်ရမလဲ။ သူငယ်ချင်းတစ်ယောက်အပေါ်မှာ ငါဘယ်လောက်
အောက်တန်းကျခဲ့ပြီလဲ။ အဲဒါအချစ်တဲ့လား။
ထိုအရာသည် အချစ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် …………………..။
သူ့ရင်ခွင်ထဲက ရုန်းထွက်ဖို့ လုံးဝစိတ်ကူးမရှိခဲ့ပါ။ ခုလိုအချိန်မျိုးမှာ မျက်လုံးအစုံကို မှိတ်ပြီး သူ့ရင်ခွင်ထဲမှာပဲ
ဇွတ်မှတ်ပြီးတော့ပဲ နေချင်နေမိတယ်။ တုန့်ပြန်မှု မဲ့စွာ တွဲလျားချထားတဲ့ ကျွန်မရဲ့ လက်အစုံက
အာကာ၏ ကျောပြင်ကို မသိမသာ သိုင်းဖက် ထားလိုက်မိသည် ထို့နောက် ရင်ထဲက အမောများအားလုံး
သူ၏ ပုံခုံးထက်တွင် တိတ်တိတ် ကလေး ခိုးချခဲ့မိသည်။
အချစ်သည် သတ္တိ(စွမ်းအား)တစ်ခုဖြစ်ကြောင်း
ကျွန်မကိုယ်တိုင် လက်တွေ့ကျကျ သိခဲ့ရပါသည်။
ထိုနေ့သည် ၂၀၀၈ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ဖြစ်သည်။
အခန်း(၁)
သည်နေ့သည် ချယ်ရီစင်္ကာပူက ပြန်လာမယ့်နေ့။ တနည်းပြောရရင် မောင်နဲ့ကျွန်မရဲ့ ချစ်သူသက်တမ်း
တစ်နှစ်ပြည့် တဲ့နေ့ပါပဲ။ ချယ်ရီကို လေယာဉ်ကွင်းကို လာကြိုဖို့ ညကတည်းက မောင်နဲ့ တိုင်ပင်ထားပြီးသားမို့
အရင်နေ့တွေအတိုင်း မောင်က ကျွန်မကို လာခေါ်တယ်။ ကျွန်မ နဲ့ မောင်အတွက်တော့ ဒီနေ့ဟာ
သိပ်ကို ရင်ခုန်စရာ ကောင်းတဲ့နေ့လေးပါပဲ။ မောင်က ချယ်ရီကို ပွင့်ပွင့်လင်းလင်း ပြောပြမယ်တဲ့။ အပြစ်
ပေးသမျှကို ခံယူမယ်တဲ့။ လေယာဉ်ကွင်းသွားတဲ့ လမ်းတစ်လျှောက်လုံး မောင်နဲ့ ကျွန်မ ဘာစကားမှ
မပြောမိအောင် နေခဲ့ကြတယ်။ မောင်ကိုယ်တိုင်လည်း ကျွန်မကို ပြောဖို့ စကားလုံး မရှိသေးမှန်း
ကျွန်မ သိနေခဲ့တယ်။ လေယာဉ်ကွင်းနားရောက်ခါနီးမှ မောင်က -
“ ချယ်ရီက မောင့်ကို မြင်လို့ပြေးဖက်ပြီးနမ်းရင် ဘယ်လိုလုပ်မလဲ သီရိ”
“ကျွန်မမှာ စီမံထားတာတွေ ရှိပါတယ်”
“ ဟုတ်လှချည်လား သီရိရဲ့ ။ ပြောပါဦး ဘယ်လိုတွေ စိတ်ကူးထားလို့လဲ”
“ ဒီနေ့က မောင်နဲ့ ကျွန်မတို့ရဲ့ တစ်နှစ်ပြည့်လေ”
“ အင်းလေ မောင်သိသားပဲ”
“ Paper anniversary ပေါ့နော် မောင်”
“ ဟုတ်တာပေါ့ paper ”
အသင့်ပါလာတဲ့ စာရွက် အလွတ်ကလေးတစ်ရွက်ကို မောင့်ကို ထုတ်ပြလိုက်တယ်။ ကျွန်မထုတ်ပြတဲ့
စာရွက် အလွတ်ကလေးကို ကြည့်ပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ ရယ်နေတဲ့ မောင့်ကို ကြည့်ပြီး ကျွန်မ ရင်မောမိတယ်။
“မောင့်ကို သိပ်ချစ်ခဲ့တယ် ။ ဒါပေမယ့် ဒီထက်ပိုပြီး မောင်နဲ့ ဆက်မတွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ မောင့်ကို သစ္စာမရှိတဲ့
ယောက်ျားလို့ ထင်သွားသလို ။ သီရိကိုလည်း သူငယ်ချင်း အချင်းချင်း စည်းမစောင့်ဘူးလို့ စွတ်စွဲလိမ့်မယ် ။
ခရီးဝေးက ပြန်လာတဲ့ ချယ်ရီကို ဖွင့်ပြောဖို့လည်း သီရိမှာ အင်အားတွေလည်းမရှိဘူး ။
ဒါ့ကြောင့် ချယ်ရီမသိလိုက်တဲ့ ကျွန်မ နဲ့ မောင်နဲ့ ဇာတ်လမ်းကို ဒီမှာပဲ ရပ်လိုက်ကြပါဆို့နော် “
ကျွန်မစကားအဆုံးမှာပဲ စာရွက်ကလေးကို အလည်တည့်တည့်ခေါက်ချပြီး မနှစ်က မောင်ပေးခဲ့သော ဓါးနဲ့ ဖြတ်ချလိုက်တယ်။ တစ်ပိုင်းကို ကျွန်မယူပြီး မောင့်ကို နောက်တစ်ပိုင်း ကမ်းပေးလိုက်တယ်။
“ ဘာ - ဘယ်လို လုပ်လိုက်တာလဲ သီရိ ၊ တို့တွေ ကစားနေတာမဟုတ်ဘူးနော်၊ ဒီဓါးနဲ့ ပိုင်းလိုက်တာ တရားမ၀င်ဘူး ဒီဓါးကို နောက်တစ်ကြိမ် ပြန်သုံးခွင့်မှ မရှိပဲ”
“ ဒီဓါးကို မောင်နဲ့ကျွန်မကြားက သံယောဇဉ်ကို ဖြတ်တောက်ဖို့ သတ်သတ် သိမ်းထားခဲ့တာပါ ၊ ပန်းသီးလှီးခဲ့တုန်းက ဒီဓါးမဟုတ်ဘူး “
မောင်ကတော့ ဘာမှပြန်မပြောပဲ နားမလည်တဲ့ အကြည့်တွေနဲ့ပဲ ကြည့်နေလေရဲ့ ။ သေချာတာကတော့
မောင် စိတ်ဆိုး နေတာပဲဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစိတ်ဆိုးတာကို ခံနိုင်တယ်။ သူငယ်ချင်းရည်းစားကို ပေါ်တင် တွဲပြနေတာထက် စာရင်ပေါ့။
“အချစ်မှာ တားမြစ်ချက်တွေ မရှိပေမယ့် စည်းတော့ရှိတယ် မောင်။ အဲဒီစည်းက ဥပဒေနဲ့လွတ်ကင်းကောင်း
လွတ်ကင်းနေ လိမ့်မယ် ဒါပေမယ့် စည်းမစောင့်ပဲ ရထားတဲ့အချစ်က ကြာကြာ ပျော်ရွှင်မှုမရနိုင်ဘူးလို့
သီရိ ထင်တယ်။ အချစ်တစ်ခုမှာ နစ်နာတာတွေ ဆုံးရှုံးတာတွေ အမြတ်တွေ နိုင်ခဲ့တာတွေမရှိဘူး မောင်။
အချစ်မှာ ကျေနပ်နေဖို့ပဲ လိုတယ်။ မောင်နဲ့ တစ်ကြိမ်တစ်ခါ ပတ်သက်ခွင့်ရတဲ့အတွက်
သီရိကျေနပ်တယ်။ အမှန်အတိုင်း ၀န်ခံရရင် မောင့်ဆီက ဒီထက်ပိုပြီး ဘာမှမတက်မတ်ဘူး။
အဲဒီအတွက် မောင်လည်း ကျေနပ်လိုက်ပါ။”
ထို့နောက် ……………………..
အဖြူရောင်စာရွက် အပိုင်းပြတ်ကလေး တစ်စစီ ကိုယ်စီ ကြေမွစွာ ဆုတ်ကိုင်ထားကြရင်း ……..
အဝေးက ပြန်လာမယ့် ချယ်ရီကို အပြုံးနဲ့ဆီးကြိုဖို့ မျက်ရည်စလေးတွေ ကိုယ်စီ ကွယ်ဝှက်လျက် ။ ။
ထိုနေ့သည် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ဖြစ်သည်။